ရခိုင်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားကိုယ်စားလှယ်တွေ စစ်တွေတက္ကသိုလ်မှာ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ နှစ်ရက်ကြာတွေ့ဆုံပွဲပြုလုပ်နေပါတယ်။ တပြည်နယ်လုံးမှာရှိတဲ့ ကျောင်းသားအရေးနဲ့ ပညာရေးကိစ္စတွေမှာ ဘုံသဘောတူညီချက်တွေ ထုတ်ဖော်နိုင်ဖို့ အခုလိုဆွေးနွေးနေတာပါ။

အရင်ရှိပြီးသား ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ရကသ) ဟာအကြောင်းအမျိုးမျိုးကြောင့် အင်းအားနည်းခဲ့ရပြီး အခုဆွေးနွေးပွဲကနေ ရ.က.သ အင်အားပြန်လည်ကောင်းမွန်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရကသရဲ့ ပြန်ကြားရေးတာဝန်ခံ မချိုမာဦးကပြောပါတယ်။

လက်ရှိအချိန်မှာ သမဂ္ဂတွေအနေနဲ့ တရားဝင်ရပ်တည်ဖို့ ခက်ခဲတာတွေရှိနေပေမဲ့ ကျောင်းသားတွေအနေနဲ့ ရကသဖွဲ့နိုင်ဖို့အတွက် မူဝါဒနဲ့ ဖွဲ့စည်းပုံအခြေခံမူကြမ်းလောက်တော့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တောင်ကုတ်ဒီကရီကောလိပ်က ကိုအောင်စိုးထက်က ပြောပါတယ်။

အခုပွဲမှာ တက္ကသိုလ်ကျောင်းသာအရေး ကိစ္စတင်မဟုတ်ဘဲ ပညာရေးနယ်ပယ် အသီးသီးမှာရှိတဲ့ အခြေခံကျောင်းက ကျောင်းသားတွေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပညာရေးအခြေအနေတွေကိုပါ ဆွေးနွေးသွားမှာဖြစ်ပါတယ် …… ခင်ဗျာ။

 



Author: ဝေလင်း