ဒီဇင်ဘာ ၇ ရက် ၊ ၂၀၁၇ ခုနှစ် ။      ။ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရဲ့ငပလီကမ်းခြေမှာ ဟိုတယ်အဆောက်အဦးတွေ တရားမဝင်တိုးချဲ့လုပ်ကိုင် တာတွေကြောင့် ပြည်သူတွေဟာ ဘက်ပေါင်းစုံကထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ သံတွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

ဒီဟိုတယ်တွေမှာ တံတိုင်းအမြင့်ကာရံတာတွေ၊ အဆောက်အဦးအမြင့်ဆောက်တာတွေကို ဥပဒေနဲ့မညီဘဲ ညဥ့်အချိန်တွေမှာ ဆောက်လုပ်တာတွေကြောင့် ဒေသခံတွေဟာ လေကောင်းလေသန့်တောင် မရှုရတော့ဘူးလို့ ဦးနိုင်ကြွေအေးက ရခိုင်ပြည်နယ်လွှတ်တော်ဆဋ္ဌမအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ငပလီကမ်းခြေမှာ ဟိုတယ်လုပ်ငန်းရှင်တွေ ဝင်ရောက်လာချိန်ကစလို့ မြေယာပြဿနာပေါင်းစုံရှိလာပြီး ကမ်းခြေမြေအပါအဝင် ဒေသခံတွေရဲ့လယ်ယာမြေတွေ၊ ဒီရေတောတွေနဲ့ တောင်တွေပါမကျန် အခြားနည်း သုံးစွဲခွင့်လျှောက်ပြီးတော့ ဟိုတယ်ဆောက်လုပ်လာကြသလို မြေဈေးတွေကိုလည်း အဆင့်ဆင့်ဈေးကစား တာတွေရှိတယ်လို့လည်း သိရပါတယ်။

သတင်း - နေဝင်းစံ