ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ် ။    ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ (၉) ရက်နေ့ ည(၁၁) နာရီအချိန်ခန့်က ဘင်္ဂလားဒေ့ရှ်ဖက်သို့ ပို့ဆောင်ရန်ပြင်ဆင်နေသည့် ကျပ်သိန်း (၁၇၅၅) သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို တရားခံသုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် မူးယစ်အထူးတပ်ဖွဲ့စု (၄၆) မှ သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့၊ အမှတ်(၁)ဝင်ထွက်စခန်း (POE) မှ ညအချိန်ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ်လှေတစ်စီးအား နတ်မြစ်တစ်ဖက်ကမ်းသို့ ခိုးကူးရန် ကြိုးစားနေသည်ကို တွေ့ရှိရ၍ လိုက်လံဖမ်းဆီးရာ လှေပေါ်တွင် ဆာလာအိတ်ဖြင့် ထုတ်ထားသော မူးယစ်ဆေးဝါးများအား ဘင်္ဂလီ(၃) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မောင်တောခရိုင် မူးယစ်အထူးတပ်ဖွဲ့စု (၄၆)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

 " ကျနော်တို့ နတ်မြစ်အတွင်းလှည့်ကင်းလှည့်စဉ်မှာ ဖမ်းမိတာပါ။ ဖမ်းမိတဲ့လှေက အလျှား(၂၀)ပေ၊ အနံ(၃)ပေရှိလှေငယ်ပါ။ လှေပေါ်မှာတော့  wy စာတမ်းပါ စိတ်ကြွဆေးပြားစုစုပေါင်း(၈၇၇၅၀)ပြားနဲ့အတူ တရားခံသုံးဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ” ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ မောင်တောမြို့ အမှတ်(၂) ရပ်ကွက်နေ မာမတ်ဆာမောက် (၂၈)နှစ်၊ အာဘု (၁၈) နှစ်နှင့် အန်နာတူလာ (၁၈) နှစ်တို့ဖြစ်ပြီး ၄င်းတို့အား စစ်ဆေးမေးမြန်းရာ အမှတ် (၂) ရပ်ကွက်နေ လာလူ (၂၅) နှစ်မှ ပစ္စည်းများအား နတ်မြစ်အလယ်သို့ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြာင်း၊ နတ်မြစ်အလယ်တွင် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာရောက်ယူဆောင်မည်ဖြစ်ကြောင်းနှင့် ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် (၅) သောင်းကျပ်စီရရှိမည်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ပို့ဆောင်ခိုင်းသူ လာလူ(၂၅) နှစ်အား ဖမ်းဆီးရမိရေးနှင့် ဖမ်းဆီးရမိသည့် တရားခံများအားလည်း မူးယစ်ဆေးဝါး ဥပဒေအရေ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မောင်တောခရိုင် မူးယစ်အထူးတပ်ဖွဲ့စု(၄၆)မှ သိရသည်။

Author: ချလူးအောင်