(ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဘူးသီးတောင်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့်မြင်ကွင်း။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။  ။  နိုင်ငံတော်ပုန်ကန်သစ္စာဖောက်ဖျက်မှု၊ မတရားအသင်းဆက်သွယ်မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု စသည့်ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခံထားရသော ရခိုင်အမျိုးသားပါတီ ဥက္ကဌ (တာဝန်ရပ်ဆိုင်းထား) ဒေါက်တာအေးမောင်နှင့် လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဘူးသီးတောင်မြို့ဒေသခံ ၆၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း မာန်အောင်၊ မင်းပြား၊ ကျောက်တော်နှင့် မောင်တောမြို့တို့တွင်လည်း ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့မှာ မတရားဖမ်းဆီးခံထားရသည်ဟုဆိုကာ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဘူးသီးတောင်ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်ခဲ့သည့် ကိုအောင်ထူးက " အခုကိစ္စမှာ ကျွန်တော်တို့ နားလည်ထားတာက ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို အခုလို ဖမ်းဆီးလိုက်တာဟာ ရခိုင်တစ်မျိုးသားလုံးရဲ့အညွှန်ကို ချိုးလိုက်တာနဲ့ တူနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော ဒေါက်တာအေးမောင်နဲ့ ဆရာဝေဟင်အောင်တို့ဟာ ရခိုင်လူငယ်တွေရဲ့ စံနမူနာယူထိုက်တဲ့ ခေါင်းဆောင် (၂) ဦးဖြစ်ပါတယ်။ အခုဒီလို အပြစ်ရှာပြီး ဖမ်းပြလိုက်တယ်ဆိုတော့ ရခိုင်လူငယ်တွေအတွက် အကြောက်တရားကို ဖုံးလွမ်းစေခဲ့တာပါ။ နောက်ထပ် ရခိုင်လူမျိုးမှာ ခေါင်းဆောင်ပေါ်မလာအောင်လုပ်လိုက်တဲ့ သဘောလို့ ကျွန်တော်တို့မြင်မိပါတယ်။ " ဟု ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က ကျောက်တော်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ကိုသန်းနိုင်က “ ဒေါက်တာအေးမောင်ကို ဖမ်းဆီးတဲ့ ကိစ္စဟာ တကယ်ကို တိကျခိုင်မာတဲ့ ကျူးလွန်တာ မရှိဘဲနဲ့ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲပြီးတော့ ဖမ်းတယ်ဆိုတဲ့ ကိစ္စ၊ စာရေးဆရာ ဝေဟန်အောင်တို့ကို ဖမ်းတယ်ဆိုတဲ့ ကိစ္စ၊ နိုင်ငံတော် သစ္စာဖောက်မှုထိ တရားစွဲဆိုမယ်ဆိုတဲ့ ကိစ္စ၊ ဒီကိစ္စတွေဟာ တိုင်းရင်းသားပြန်လည် သင့်မြတ်ရေးတို့၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတော့ ၂၁ ပင်လုံကျင်းပနေတဲ့ ကာလမျိုးမှာ ဒီကိစ္စမျိုးတွေကို မလုပ်သင့်ဘူး။ ဒေါက်တာအေးမောင်နဲ့ ဆရာ ဝေဟင်အောင်တို့ကိုလည်း ဖမ်းတဲ့ကိစ္စ ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်မှုပါ။  ” ဟု ပြောသည်။

ရသေ့တောင်စာပေဟောပြောပွဲတစ်ခုမှာ ဒေါက်တာအေးမောင်က ရခိုင်လူမျိုးများသည် ဗမာ့ကျွန်အဖြစ် စကားကို သုံးနှုန်းခဲ့သည်ဆိုသည့် စကားကို ကောက်ယူကာ ပြည်နယ်အစိုးရက တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ဒေါက်တာအေးမောင်အနေဖြင့် ဗမာ့ကျွန်ဆိုသည့်စကားကို မသုံးနှုန်းခဲ့ဟု ၄င်းက ပြောသည်။

“ ဗမာများအနေနဲ့ ရခိုင်လူမျိုးများအပေါ်ကို ဗမာကျွန်အဖြစ်သဘောထားတယ် အဲဒါကို ကျနော်မသုံးဘူး။ အဲဒါကို သတင်းစာတွေမှာပါလို့ ကျနော်လုံးဝစိတ်မကောင်းဘူး။ ဒါက ဗမာနဲ့ ရခိုင်ကို ရန်တိုက်ပေးနေသလို ဖြစ်နေတယ်။ ကျနော်က အမျိုးသားစည်းလုံးမှုကို သွားတာ။ ” ဟု ဒေါက်တာအေးမောင်က မီဒီယာများကို ဖြေဆိုထားသည်။

ဆက်လက်ပြီး ဆန္ဒဖော်ထုတ်ခဲ့သော မြို့နယ်ငါးခုလုံးတွင် မြောက်ဦးမြို့မှာဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားပဋိပက္ခမှာ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိထားသူများအတွက် ပြစ်မှုကျူးလွန်သူအားလုံးကို ဥပဒေနှင့်အညီ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် တရားရုံးတွင် ပထမတစ်ကြိမ်ရုံးထုတ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စစ်တွေခရိုင်တရုံးတွင် ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

(ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဘူးသီးတောင်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့်မြင်ကွင်း။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

 

Author: ချလူးအောင်