ယင်းအပြင် ဆုတောင်းမေတ္တပို့ခြင်းကို NLD မှ ဦးဆောင်က တစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။

စစ်တွေ၊ အောက်တိုဘာ ၁၁ရက်၊ ၂၀၁၇ ခုနှစ်၊ DMG ။     ။     ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းစေဖို့အတွက်ရည်ရွယ်ပြီး စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၀ ရက် ည ၆ နာရီက စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးတွင် မေတ္တာပို့ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စစ်တွေခရိုင် ဥက္ကဌ ဦးသင်္ခါကျော်က “ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ၂၁ ပင်လုံငြိမ်းချမ်းရေးအတွက် ကျနော်တို့ ငြိမ်းချမ်းရေး လုပ်နေတဲ့အချိန်မှာ ဒီလို ပြည်ထောင်စု တစ်ခုလုံး ငြိမ်းချမ်းဖို့အတွက် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းသာယာဖို့အတွက် ဆုတောင်းပွဲတွေ လုပ်ပါလို့ ကျနော်တို့ဌာနချုပ်က ညွှန်ကြားတဲ့အတွက် ဒီနေ့ စလုပ်တာပါ။ ” ဟု ပြောသည်။

ယင်းဆုတောင်းပွဲကို ဆရာတော်အရှင်သူမြတ်များနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ခရိုင်၊ ပြည်နယ်အဆင့် ခေါင်းဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူစုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ဆုတောင်း ပေးခဲ့ကြသည်။

ပြည်ထောင်စုကြီး ငြိမ်းချမ်းရန်နှင့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရန် ရည်ရွယ်ပြီး အရပ် ၁၀ မျက်နှာ မေတ္တာပို့ဆုတောင်းကို တက်ရောက်လာသူများက တိုင်တည်ရွက်ဆိုခဲ့ကြသည်။

ယခုလိုမျိုး မေတ္တာပို့ဆုတောင်းခြင်းကို အောက်တိုဘာလအတွင်း အင်္ဂါနေ့တိုင်း ပြုလုပ်သွားမည်ဟု စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသင်္ခါကျော်က ပြောသည်။

ယင်းအပြင် ဆုတောင်းမေတ္တပို့ခြင်းကို NLD မှ ဦးဆောင်က တစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။